Friday, June 26, 2009

...........တန်းဖိုးထားတတ်ကြပါစေ..........

ခြောက်ကြိမ်မြောက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ အစည်းဝေးပွဲကြီးကို ရန်ကုန်မြို့မှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်း ၂၃ ရက်နေ့ထုတ်သတင်းစာထဲမှာ ပါရှိပါတယ်။ အဲ့ဒိအစည်းအဝေးမှာ ဥက္ကဌဖြစ်တော်မူတဲ့ မကွေးဆရာတော်ဘုရားကြီး၏ သရဏီရသြ၀ါဒကထာမှာ မှတ်သားဖွယ်ရာကောင်းလှပါတယ်။

ထိုနေ့သတင်းစာကို ဖတ်ဖူးသူ တိုင်းသိရှိကြမယ်ထင်ပါတယ်။ လောကမှာ မြတ်နိုးမှုမရှိရင် ပျောက်ဆုံးတတ်တာဟာ သဘာဝပါ။ လူတိုင်းဟာ တန်းဖိုးရှိတဲ့ရတနာတွေကို အမြတ်တနိုး တန်ဖိုး ထားတတ်ကြပေမယ့်၊ တန်ဖိုးမရှိတဲ့ ကျောက်တွေကိုတော့ လမ်းဆင်းလျှောက်ဖို့၊ လမ်းခင်း ကျောက်လုပ်ပစ်တတ်ကြပါတယ်။

မြတ်စွာဘုရားရှင်ကလည်း လောကမှာ တရားစစ်၊ တရားမှန်ဖြစ်သော ဓမ္မကို၊ တရားစစ်၊ တရားမှန် မဟုတ်သော၊ အဓမ္မဟု လုပ်ကြလျှင်၊ ၀ိနည်းစစ်၊ ၀ိနည်းမှန်ဖြစ်တဲ့ ၀ိနယကို၊ ၀ိနည်းစစ်၊ ၀ိနည်းမှန်မဟုတ်တဲ့ အ၀ိနယဟု လုပ်နေကြပြီဆိုလျှင်၊ မြတ်စွာ ဘုရားရှင် မဟောပြောအပ်၊ မဟောပြောခဲ့သည် များကို၊ ဟောပြောအပ်၊ ဟောပြောခဲ့သည်လို့ ဆိုကုန်ကြလျှင်၊ မြတ်စွာ ဘုရားရှင် ဟောပြောအပ်၊ ဟောပြောခဲ့သည် များကို၊ မဟောပြောအပ်၊ မဟောပြောခဲ့ပါဘူးလို့ ဆိုကုန်ကြလျှင်၊။ပ။ ဒီသာသနာ တော်ကြီးကွယ်ပလိမ့်မယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။(အံ၊ ၁၊ ၁၈-၁၉)။

မကွေးဆရာတော်ဘုရားကြီးက တက်ရောက်လာကြသော သံဃာတော်အရှင်မြတ်တို့အား ဆက်လက်လျှောက်ထားသည်မှာ- ဆရာတော်အရှင်မြတ်တို့ဘုရား။ ယခုသာသနာတော်နောက်ပိုင်း အချိန်အခါ၌ အဓမ္မကို ဓမ္မဟုပြခြင်း စသည်ဖြင့် လူအများ စီးပွားချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်ကြကုန်သည်ဖြစ်၍ များစွာသော အကုသိုလ်ကို ဖြစ်ပွားစေကြကာ သာသနာတော်ကြီး ကွယ်ပျောက်အောင်ပြု လုပ်နေကြသည့် ရဟန်း၊ သာမဏေများ ပေါ်ပေါက်နေကြသည်ကို ကြားသိကြရပါသည်ဘုရား။

အချို့ရဟန်းများက လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော် မှေးမှိန် ကွယ်ပျောက်၍ မဟာယာနသာသနာဖြစ်ပေါ်အောင် လုပ်ဆောင်နေကြ သည်ကိုလည်း ကြားသိနေရပါသည် ဘုရား။ စသဖြင့် လျှောက်ထားခဲ့ပါတယ်။ ဒီအကြောင်းတွေ ကြားရတာ၊ မြင်ရတာဟာ သာသနာအတွက် ရင်လေးစရာတွေပါပဲ။ ဆရာတော်ကြီးများက သတိတရားရှိရှိ၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာချစ်စိတ်ရှိရှိနဲ့ အများကောင်းကျိုး၊ နတ်လူ ဗြဟ္မာသတ္တ၀ါတို့ကောင်းကျိုးကို ရှေ့ရှုလို့ အဓမ္မတရားတွေ ပပျောက်အောင် ဆောင်ရွက်နေချိန်မှာ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုပြုနေကြတဲ့ ဒကာ၊ ဒကာမတွေဘက်ကလည်း သတိတရားရှိရှိနဲ့ သာသနာဖျက်လုပ်ငန်းတွေကို တွန်းလှန်သင့်ပါတယ်။

ဒါမှသာ တို့သာသနာတော်ကြီး အဓွန့်ရှည်တည် တံ့မှာဖြစ်ပါတယ်။ အဓမ္မတွေကို တွန်းလှန်ဖို့ဆိုတော့ ဓမ္မတွေကိုအရင်သိထားမှ ဖြစ်ပါလိမ့်မယ်။ ဓမ္မကို ဓမ္မမှန်းမသိတဲ့အခါ အဓမ္မနဲ့ ဓမ္မကိုမှားပြီး ကျင့်နေတတ်ပါတယ်။ အတုဆိုတာ အစစ်ကို ပုံစံယူ၍ ဆင်တုအောင်လုပ်ထားတဲ့အရာပဲ ဖြစ်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါကြောင့် အဓမ္မဆိုတိုင်း ဓမ္မနှင့် လုံးဝမတူတဲ့အရာလို့တော့ မထင်လိုက်ပါနဲ့။ ခပ်ဆင်ဆင်လေး တူပါတယ်။ ဆင်တူယိုးမားရှိပါတယ်။ သတိပြုကြပါ။ ဒါပေမယ့် ခုအချိန်မှာတော့ ဗေဒင်တွေ၊ အင်း၊ အိုင်၊ မန္တရား၊ နက္ခတ်၊ ပြဿဒါး၊ ရက်ရာဇာ တွေက လူသားတွေကို အနိုင်ယူ နေကြတာ အားလုံးအမြင်ပါပဲ။

ဗေဒင်ဆရာခိုင်းရင် ဘာမဆိုလုပ်တယ်။ ဗေဒင်ပညာရပ်ဆိုတာဟာ တို့မြတ်စွာဘုရားရှင် မပွင့်ပေါ်ခင်ကတည်းက တည်ရှိခဲ့တဲ့ပညာတစ်ခုပါပဲ။ မြတ်ဗုဒ္ဓလောင်းလျာကိုတောင် ဧကန် စင်စစ်ဘုရားဖြစ်မယ် ဟောခဲ့သေးတာ အထင်အရှားရှိနေသေးတာက အထင်အရှားလေ။ ဗေဒင်ပညာက အဲ့ဒိလောက်ထိအောင်ကို မှန်တယ်လို့ ပြောရမလိုပါပဲ။ ဒါပေမယ့် တစ်ဖက်ကကြည့်တော့လည်း အလောင်းတော်ကို ဧကန်စင်စစ် ဘုရားဖြစ်မယ် ပြောခဲ့တဲ့သူတွေက ဘုရားအလောင်းတော်က အစာအာဟာရတွေ ပြန်လည်မှီဝဲပြီး တရားကျင့်တဲ့ အခါမှတော့ အပြင်း အထန်ကျင့်တုန်းကတောင် ဘုရားမဖြစ်နိုင်တာ၊ ခုလို အစားအစာတွေ ပြန်လည်စားသောက်ပြီး ကျင့်လို့ကတော့ ဖြစ်လာမှာမဟုတ်တော့ဘူးဆိုပြီး စွန့်ခွာသွားခဲ့ကြပုံကလည်း သူတို့ဗေဒင်ပညာကို သူတို့ကိုယ်တိုင်က မယုံကြဘူးဆိုတာကို သက်သေထူလို့ရပါတယ်။

ပညာရပ်အနေနဲ့ လက်ခံလို့ရပေမယ့် အားကိုးထိုက်တဲ့ အရာမဟုတ်တာတော့ သိထားသင့်ပါတယ်။
ဖြစ်နေတာက မကောင်းတဲ့ အဖြစ်ဆိုးများ တစ်ခုခုကြုံရပြီဟေ့ဆိုတာနဲ့ ကိုယ့်ပြုခဲ့တဲ့ အတိတ်ကံကို ပစ်ပယ်ပြီ ဗေဒင်ဆရာဆီ ပြေးတတ်တဲ့အကျင့်တွေက လူတော်တော်များများမှာ ဖျောက်မရအောင်ဖြစ်နေပါတယ်။ သူတို့တွေက ဘုရားကိုလည်း ဗေဒင်ကပြောတဲ့အတိုင်း အမွှေးနံ့ သာတိုင်တွေထွန်း၊ ပန်းတွေ၊ ရေချမ်းတွေကပ်လို့၊ တရားတော်ကိုလည်း ဂါထာတွေ၊ မန္တန်တွေဖွဲ့လို့၊ သံဃာတော်ကိုလည်း ဟိုဟာပင့်ရွက်ခိုင်း၊ ဒီဟာပင့်ရွတ်ခိုင်းနဲ့၊ ဘာနေ့သားဆရာတော်ကို ဘာကပ်ပြီးတဲ့အခါမှာ၊ ဘယ်နေ့နံဘုရားမှာ၊ ဘယ်ထောင့်ကနေပြီးတော့၊ ဘာဂါထာကို ရွတ်ရမယ်ဆိုတာတွေနဲ့၊ ရတနာသုံးပါလုံးကို အသုံးချစရာတစ်ခုအနေနဲ့ လုပ်ဆောင်နေကြတာ တို့နိုင်ငံရဲ့ယနေ့ မြင်ကွင်းတစ်ခုပါပဲ။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ တန်ဖိုးရှိတဲ့ရတနာကို တန်းဖိုးမသိတဲ့အခါ လမ်းဆင်း လျှောက်ဖို့ လမ်းခင်းကျောက် လုပ်ပစ်တာဟာ အလွန်မိုက်တဲ့သူတွေလို့ ပြောရင်ရမယ်ထင်ပါတယ်။

အလှူလုပ်တာကောင်းတာပါ။ တိုက်တွန်းလို့လုပ်တာမဟုတ်ပဲ ကြည်ညိုသဒ္ဓါတရားနဲ့ လုပ်တဲ့အလှူက မွန်မြတ်သန့်စင်ပါတယ်။ ဗေဒင်ကတစ်ဆင့်လာတဲ့အလှူဟာ တိုက်တွန်းတာတွေပါနေတဲ့အတွက် မမြတ်ပါဘူး။ ဒါ့အပြင် မိမိအစီအရင် အအောင်မြင်ခဲ့ရင်၊ လှူသာလှူနေရတယ်၊ ဘာမှဖြစ်မလာဘူးဆိုတာတွေ ဖြစ်လာတဲ့အခါ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်မှုသဒ္ဓါဟာ တစ်ဖြည်းဖြည်း အားနည်းလာပါတယ်။ ယုံကြည်မှုကျ ဆင်းလာရာကနေ လက်မခံနိုင်တော့တဲ့ အခြေအနေ အထိကို ထိုးဆင်းသွားနိုင်ပါတယ်။

ဒါတွေကြောင့် ဗေဒင်ပညာ အစရှိတဲ့အရာတွေဟာ သာသနာကို တိုက်ရိုက်ကြီး ကွယ်အောင် မလုပ်သော်လည်း တစ်ဖြည်းဖြည်းချင်း ဖြိုလှဲနေ တယ်ဆိုတာကို တို့တွေအားလုံးသိထားသင့်ပါတယ်။ သူသည်လည်း ဓမ္မနှင့် ဆင်တူသော အဓမ္မပဲဖြစ်ပါတယ်။ ထိုအဓမ္မကို ပြုနေသမျှ သာသနာ ကွယ်ရပါလိမ့်မယ်။

ရတနာသုံးပါးနဲ့ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း မရှိတဲ့သူအတွက်ကတော့ သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားချေချွတ်၊ ဖြေမလွတ်ဘူး ဆိုသောကြောင့် ထိုသူမျိုးတို့ကိုတော့ မပြောလိုပါ။ တစ်ကယ်အစစ်အမှန် သာသနာကို ချစ်တဲ့သူတွေ၊ အတွက်သာ လမ်းပြလိုပါတယ်။ ၀ိနယဒေသနာဟာ သာသနာပါ။ မဂ္ဂင်ရှစ်ဖြာဟာ သာသနာပါ။ သိက္ခာသုံးပါးဟာ သာသနာပါ။ ဗောဓိပက္ခယတရား ၃၇ ပါးဟာ သာသနာပါ။ ဘုရားအဆုံးအမတော်တွေဟာ သာသနာပါ။ ဒီလိုဆိုရင် သာသနာပြုတယ်ဆိုတာ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့အတိုင်း လိုက်နာတာဟာ၊ ပြုမူနေထိုင်တာဟာ သာသနာပြုတာပါ။

ဝိနည်းကိုလိုက်နာခြင်းသည် လည်း၊ သီလတရားကို စောင့်ထိန်း ခြင်းဖြစ်၍ သာသနာ ပြုခြင်းဖြစ်ပါ၏။ ကမ္မဋ္ဌာန်း (၄၀) မှတစ်ခုခုကို ပွားများ နေခြင်းသည် သမထအားထုတ် နေခြင်းဖြစ်၍ သမာဓိတရားကိုဖြည့်စွမ်းနေသောကြောင့် သာသနာပြုတယ်ခေါ်ပါတယ်။

မဂ္ဂင်တရားတွေ၊ ဗောဓိပက္ခယတရားတွေအားထုတ်နေခြင်းသည် ပညာတရား တိုးပွားစေခြင်းငှာဖြစ်သောကြောင့် သာသနာပြုခြင်း ပင်ဖြစ်ပါတယ်။ ဒီလိုဆိုရင် အခြေခံ(၅) ပါးသီလကစ၍ သီလတရားကို စောင့်ထိန်းခြင်းမရှိတာဟာ သာသနာပျက်စီးစေနိုင်ပါတယ် လို့ပြောရင် လွန်ရာများကျနေတော့မလား။ သမထ ဘာဝနာမပွားများပဲနေတာဟာ သာသနာကို ပျက်စီးစေပါတယ်။ ပညာတရားတို့ပွားအောင် ၀ိပဿနာအလုပ်မလုပ်ခြင်းဟာ သာသနာကို ပျက်စီးစေပါတယ်။ မိမိမလုပ်တဲ့အတွက် မိမိအကျိုးမရတဲ့အပြင် သာသ နာကိုပါ အရှည်တည်တံ့အောင် မစောင့်ထိန်းရာရောက်ပါတယ်။

မြတ်စွာဘုရားရှင်က တရားမနာခြင်း၊ တရားစာပေများ လေ့လာသင်ယူမှုမရှိခြင်၊ နှုတ်တက်အာဂုံဆောင်ထားနိုင်စွမ်းမရှိခြင်း၊ ဆောင်ထား သမျှတွေကို မှတ်မှတ်သားသားမရှိခြင်း၊ ပဋိပတ္တိလုပ်ငန်းကို အားထုတ်လုပ်ကိုင်ခြင်း မရှိတာတွေဟာ သာသနာကွယ် ကြောင်းတွေပါလို့ အတိအလင်းဟောကြားတော် မူခဲ့ပါတယ်။ ဒါတွေကို လူတိုင်းအသက်အရွယ် မရွေးသိသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကိုယ့်အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးတတ်ဖို့၊ လေးစား တန်ဖိုးထားတတ်ဖို့ နှိုးဆော်လိုက်တာပါ။

တို့သာသနာတော်ကြီးဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ခရီးကို ဖြတ်သန်းလာခဲ့ရတော့ သာသနာတွင်းကို ထိုးနှက်ချက် တွေများလွန်းလို့ ဒါဏ်ရာတွေဗလပွဖြစ်နေပါပြီ။ တို့သာသနာကို မပြို ပြိုအောင်ဖြိုချင်နေတဲ့သူတွေကလည်း တစ်ပုံ တစ်ပင်။ ဒီအထဲကိုယ်မပါရင်တောတော်လှပြီမှတ်ရမယ်။ ဒါပေမယ့် ဘယ်သူတွေဘယ်လောက်ပဲဖြိုဖြို၊ ဘယ်လာက်ပဲတွန်းလှန် တွန်းလှန်၊ ဘယ်ဝါဒတွေ ဘယ်လောက်ပဲကြီးစိုး ကြီးစိုး အင်ကြင်းတောမှာ မွေး၊ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံ၊ အင်ကြင်းတို့ရဲ့ သစ္စာတရားဟာ ဘယ်တော့မှပျောက်ကွယ်မှေးမှိန်ခြင်းမရှိဘဲ၊ ပတ္တမြားစင်စစ် နွံမနစ်သည့်သန့်စင်မွန်မြတ် ခိုင်မာလျက်ရှိသည်သာရှိပါတယ်။

သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတွေဟာ ကျောက်စိုင်၊ ကျောက်သားတွေလို ကြံ့ကြံ့ခံနိုင်တာဟာ တို့သာသနာပဲဆိုတာကိုတော့ အပြည့်အ၀ ယုံကြည်ပါတယ်။ တစ်ကယ်တော့ သာသနာဆိုတာကို ချစ်တတ်ဖို့ပဲလိုတာပါ။ ချစ်တတ်မှ မြင့်မြတ်တာကိုရှာမှာပါ။ မှန်ကန်တာ ကိုရှာမှာပါ။

မြတ်နိုးမှ တန်ဖိုးထားကြမှာပါ။ မချစ်တတ်မမြတ်နိုးတတ်တဲ့အခါ သာသနာကို အလွဲလိုက်၊ အမြဲမိုက် နေခဲ့ကြတော့ လွဲသူတို့သွား၊ မိုက်သူတို့သွားသည့် အပယ်ဆင်းရဲမှာပဲ မြဲမြံစွာခံနေခဲ့ရတာကို ဂင်္ဂါဝါလု သဲစုမက ပွင့်ခဲ့ကြသော ဘုရားအဆူဆူနဲ့လွဲပြီး ဒုက္ခသက်ရှည် ယခုဒုက္ခခန္ဓာလွယ်ထားရတာကို သုံးသပ်ထောက်ရှူ ရ်ျ နားလည်သင့်ပါတယ်။ အမြင်လည်းရှင်း၊ စိတ်လည်းရှင်း၊ လက်ငင်းချမ်းသာကြပါစေ။



No comments:

Post a Comment

အနော်ခရီးဆက်နှင်းရန် အားမနာတမ်း ဝေဖန်ပေးနိုင်သည့် လောင်စာလိုအပ်နေပါသည်။